
ဇန်နဝါရီ ၁၅ ၊ ဝါရှင်တန်
ထရမ့်အစိုးရဟာ နိုင်ငံပေါင်း (၇၅) နိုင်ငံမှ လူတွေအတွက် ရွေ့ပြောင်းအခြေချ ဗီဇာလုပ်ငန်းစဉ်တွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီလို့ မနေ့က ဇန်နဝါရီ (၁၄)ရက်နေ့မှာ ကြေညာပါတယ်။
အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ထောက်ပံ့ထားတဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်များအား အလွဲသုံးစားလုပ်မယ့်သူတွေကို တားဆီးဖို့အတွက် စီစဉ်ရတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။
ဒီကန့်သတ်ချက်က အမေရိကန်မှာ အပြီးအပိုင်အခြေချနေထိုင်မယ့် ရွေ့ပြောင်း ဗီဇာတွေအတွက်သာဖြစ်ပြီး အလည်အပတ်နဲ့ စီးပွားရေး အတွက်လာရောက်မယ့်သူတွေနဲ့ မသက်ဆိုင်ကြောင်းဆိုပါတယ်။
ဒီလိုရပ်ဆိုင်းမှုဟာ လာမယ့် ဇန်နဝါရီ (၂၁) ရက်မှာ အသက်ဝင်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်မှုအရ အာဖရိက၊ အာရှ၊ လက်တင်အမေရိကတိုက်က နိုင်ငံတွေ ၊ အရှေ့အလယ်ပိုင်း ၊ အာဆီယံ နဲဲ့ အရှေ့ဥရောပနိုင်ငံများရှိ ကမ္ဘာ့အဓိကဒေသတွေကို လွှမ်းခြုံထားတာလည်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ် ကစလို့ ပြည်ဝင်ခွင့်တွေတင်းကြပ်နေပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၁၂) နိုင်ငံကို အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့် ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။
