
ဇန်နဝါရီလ ၂၇ ၊ နေပြည်တော်
အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နဲ့ မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့မနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နှစ်နိုင်ငံလုံး သတင်းထုတ်ပြန်ထားပါတယ်။
ဒီဆွေးနွေးမှုက ဇန်နဝါရီလ ပထမအပတ်က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဟွန်ဆန်ရဲ့ခရီးစဉ် နောက်ဆက်တွဲဆွေးနွေးမှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံနိုင်ငံတွေကြား သဘောတူရရှိထားတဲ့ အချက် (၅) ချက်ကို ဘယ်လိုအကောင်အထည်ဖော်ဆောင်သွားမလဲဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံနိုင်ငံဘက်ကတော့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်မဖော်မချင်း စစ်ကောင်စီကို အာဆီယံထိပ်သည်းဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မပြုဖို့အတွက် ဆက်လက်သဘောတူနေဆဲဖြစ်ပါတယ်။
အာဆီယံနိုင်ငံက ဝန်ကြီးချုပ်တွေလည်းမြန်မာအရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေမှာလည်း ဘုံသဘောတူညီချက်တွေကို အထောင်အထည်ဖော်ဖို့သာ တိုက်တွန်းနေကြပါတယ်။
ဒါ့အပြင် အာဆီယံဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့လည်း မြန်မာ့အကြပ်အတည်းတွေမှာ သက်ဆိုင်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက ပြောဆိုထားပါတယ်။