
မတ် ၁၅ ၊ ကာမိုင်း
ဖားကန့်မြို့နယ် ကာမိုင်းမြို့မှာ မတ်လ ၁၄ ရက်နေ့က စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့် မြို့ဝင်ထွက်ခွင့်တွေပိတ်ထားခဲ့ရာ ဒီနေ့မနက်ပိုင်းမှာ မြို့ကို ပြန်လည်ဖွင့်လိုက်ပြီဖြစ်တယ်လို့ ဒေသခံရပ်မိရပ်ဖများထံမှ သိရပါတယ်။
“ ခဏခေတ္တ အခြေအနေမကောင်းလို့ ပိတ်တာ ၊ ပြန်သွားနေပြန်ပြီ ။ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ လမ်းဆုံမှာနေတော့ ပိတ်လိုက်ရတော့တာပေါ့ ၊ အခုကတော့ သူတို့( KIA+PDF) တွေက ပြန်တိုက်မယ်လို့တော့ ပြောတာပဲ။ သွားလို့တော့ရနေပြီ” လို့ ရပ်မိရပ်ဖ တစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ကာမိုင်းမြို့ရှိ ဌာနေပြည်သူ့စစ်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်တချို့ ပြည်သူ့စစ်စခန်းအနီးရှိ လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပြီး လယ်သမား သားအဖ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကာမိုင်းမြို့အနီးမှာ KIA+PDF နှင့် စစ်ကောင်စီတပ် ၊ ပြည်သူ့စစ်တွေဟာ မကြာခဏထိတွေ့တိုက်ပွဲရှိနေကြတာလည်းဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဆိပ်မူကျေးရွာမှာလည်း ဆိပ်မူကျေးရွာ၊ရပ်ကွက်(၁)အတွင်းရှိ ရဲတပ်ကုန်းကို KIA+PDFပူးပေါင်းတပ်ဖွဲ့များက ဝိုင်းရံထားပြီး အနီးရှိ နေထိုင်သူဒေသခံများကို ပြောင်းရွှေ့ထားဖို့ မတ်လ ၁၄ ရက်နေ့က သတိပေးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။