ဒီဇင်ဘာ ၂၆ ၊ မြဝတီ
ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းရောဂါကြောင့် နယ်စပ်ဂိတ်တချို့ ယာယီပိတ်ထားတယ်လို့ နေထိုင်နေသူတချို့က ပြောပါတယ်။
“ ဒီရွှေကုက္ကိုလ်ဘက်ကတော့ ပုံမှန်ပါပဲ ၊ နယ်စပ်ဂိတ်တချို့ကတော့ ယာယီပိတ်ထားတယ်။ ဝမ်းရောဂါကလည်း အနည်းအကျဉ်းလောက်ဘဲ ဖြစ်နေတော့တာပါ“လို့ နေထိုင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံဘက်က သတင်းဖော်ပြရာမှာ ရွှေကုက္ကိုလ်မှာ ဝမ်းရောဂါကြောင့် လူရာနှင့်ချီ ဆေးကုသမှုခံနေရတယ်လို့ ဖော်ပြပြီးတဲ့နောက် နယ်စပ်ဂိတ်တွေပိတ်မယ့်သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
လက်ရှိဝမ်းရောဂါက ထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာရှိနေပြီး ဒီနေ့ မနက်ပိုင်းမှာလည်း မြို့တွင်း ဆေးလိုက်လံဖြန်းမှုတွေ ပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်။
“ ဖြစ်နေတာကြာပီ။ အရင်လကတည်းက။ အခုမှသတင်းရေးကြတာနေမှာ။ တော်တော်လေးပါးသွားပါပြီ။ အိမ်ကအမလည်း သူလည်းဖြစ်ပြီးသွားပြီ ။ လမ်းတွေဆိုင်တွေ ပိတ်ရတဲ့အဆင့်တော့မဟုတ်ပါဘူး။ မနေ့ကလည်း စျေးသွားခဲ့သေးတယ်”လို့ မိုးညှင်းမြို့မှ ရွှေကုက္ကိုလ်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
ရွှေကုက္ကိုလ်မြို့ဟာ မြန်မာနိုင်ငံအတွင်းက လူငယ်တွေအများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပြီး အွန်လိုင်းလောင်းကစားအပါအဝင် ၊ငွေကြေးလိမ်လည်ဂိုဏ်းတွေ တည်ရှိတယ်လို့ သတင်းထွက်ပေါ်နေတဲ့မြို့လည်းဖြစ်ပါတယ်။