ရှမ်းနီဒေသများတွင်ဖုန်းလိုင်းအားလုံးပြတ်တောက်နေပြီးသတင်းမှန်ရရှိရေးခက်ခဲလာကြ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ  ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသတွေများတွင်  အင်တာနက် နှင့် ဖုန်းလိုင်းပြတ်တောက်မှုများသည် တစ်လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ဒေသခံများ သတင်းမှန်ရရှိနိုင်ရေးအတွက် ခက်ခဲလာကြသိရသည်။ 

ဟုမ္မလင်းမြို့  ၊ ဖောင်းပြင်မြို့ နှင့် ပင်လည်ဘူး မြို့နယ်များတွင်း   မေလ ဒုတိယအပတ်မှစပြီး ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ များ ပြတ်တောက်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်  မေလအတွင်းက ထိုသုံးမြို့နယ်တွင်  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)  ၊  စစ်ကောင်စီတပ် ၊ ပြည်သူ့စစ်များ နှင့်   ဒေသကာကွယ်ရေးတပ် (PDF)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)  တို့ တိုက်ပွဲဖြစ်ပွားနေပြီး  ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ 

  မေလ တတိယအပတ်အတွင်းမှာ    ဟုမ္မလင်းမြို့နယ်  ပရစ်ဖာနိုင်းကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ရဲ့  တပ်စခန်းတစ်ခုကို  KIA , PDF များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး   SNA ဘက်မှ တန်ပြန်ထိုးစစ်တွေရှိခဲ့တဲ့ သတင်းရရှိပြီးနောက်  ဆက်သွယ်ရေးများ တစ်မြို့နယ်လုံးအတိုင်းတာနှင့် ဆိုးရွားစွာပြတ်တောက်သွားသည်။ 

“ ဖုန်းလိုင်းတွေက အားလုံးပြတ်တောက်နေတယ်။ ဘာသတင်းမှမရတော့ဘူး၊ အခုဆက်သွယ်ကြည့်တာ လိုင်းတွေမရဘူး၊ တချို့နေရာတွေတော့ အူရီဒူးရတယ်ပြောတယ်။ စစ်တပ်သုံးတဲ့ MEC ၊ ကမ်းရိုးတန်းဖုန်းတွေတော့ ဆက်လို့ရတယ် အဲ့တာကလည်း မသုံးကြတော့ဘူး။ ” လို့ ဟုမ္မလင်းမြို့အခြေအနေကို မန္တလေးရောက်ရှိနေသည့် ဒေသခံတစ်ဦးက ဆိုသည်။ 

ဟုမ္မလင်းမြို့ အပြင် ဖောင်းပြင်မြို့တွင်လည်း လိုင်းများပြတ်တောက်ပြီး ဒေသတွင်းတိုက်ပွဲအခြေအနေများ၊  တခြားသာ လူမှုစီးပွားရေးသတင်းများလည်း လုံးဝမသိရှိရတော့ကြောင်း ရှမ်းနီအသံ သတင်းထောက်များက ဆိုသည်။

“ ဟုမ္မလင်းမှာ ဖုန်းလိုင်းတွေ ပြတ်နေတယ်။ ဘယ်လိုမှ ဆက်လို့မရဘူး ၊ တိုက်ပွဲတွေလည်း ကြိုကြားဖြစ်နေတယ် နောင်ပိုအောင်ဘက်ခြမ်းမှာ” လို့ ဟုမ္မလင်းမြို့မှ ပြန်လာသူ တစ်ဦးက ပြောသည်။  

ပင်လည်ဘူးမြို့သည်လည်း ၂၀၂၁ ခုနှစ်ကတည်းက ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်ခြင်းဖြစ်ပြီး တခြားဒေသကို ဆက်သွယ်နိုင်ရန်အတွက် ဖောင်းပြင် နှင့် ဟုမ္မလင်း နယ်စပ်များတွင် ခေါ်ဆိုခဲ့ကြသော်လည်း လက်ရှိတယ် ဖုန်းလိုင်းပျက်တောက်မှုများကြောင့် ဆက်သွယ်၍ မရနိုင်တော့ကြောင်း သိရသည်။ 

ယခုလို ရှမ်းနီတိုင်းရင်းသားဒေသတွင်း ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေပြီး သတင်းအမှောင်ချထားခံရသကဲ့သို့ဖြစ်နေပြီး ဆက်သွယ်မှု ပိုမိုခက်ခဲလာပြီး၊   သတင်းမှန်ရရှိနိုင်တဲ့အခွင့်ရေး ကြီးမားစွာ ဆုံးရှုံးနေကြောင်း  ပင်လည်ဘူးဒေသခံလူငယ်တစ်ဦးက  သုံးသပ်ပြောဆိုသည်။ 

အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်သည့်  ဟုမ္မလင်း ၊ ဖောင်းပြင် နှင့် ပင်လည်ဘူးမြို့နယ်များတွင် ၂၀၂၁ ခုနှစ် လူဦးရေစာရင်းအရ နေထိုင်သူ လေးသိန်းငါးသောင်းခွဲကျော်ရှိနေထိုင်ကြခြင်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *