
ဒီဇင်ဘာ ၃ ၊ မိုးကုတ်
တအာင်းတပ် TNLA က PDF တပ်ဖွဲ့တွေနဲ့ ဆောင်ရွက်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းစရိတ် ဒေါ်လာ ဘီလီယံချီအကြွေးတင်ခဲ့တယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုပါတယ်။
သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို စစ်ကော်မရှင်ထံပြန်လွှဲပြောင်းပေးခဲ့မှုအပေါ် ဝေဖန်မှုတွေမြင့်တက်လာနေချိန်မှာထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
“ ကျည်မရှိ ၊ ဘတ်ဂျက်မရှိ၊ သေစရာလူသူလည်းနည်းလာတော့ ၊ မိုးကုတ်-မိုးမိတ်နဲညှိပြီး အပစ်ရပ်ရတယ်။ ပွဲကမပြီးသေးပါဘူး။ ဒါပေမယ့် အဆဲတွေက စုံလွန်းလှပါတယ်” လို့ ဒီဇင်ဘာလ ၁ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားပါတယ်။
ဒီနှစ်မြို့ကို လက်လွှတ်လိုက်ရတာဟာ လက်နက်နဲ့ လူအင်အား လျော့နည်းလာမှုနဲ့ တရုတ်ရဲ့ဖိအားကြောင့်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းအကြွေးတွေအတွက် မိုးကုတ်ဂေါက်ကွင်းကို ကျောက်တူးဖော်ဖို့ တရုတ်၊ ကိုးကန့် ၊ ဝ လုပ်ငန်းရှင်တွေကို အဓိက ထားလုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေကြားပြောဆိုမှုတွေရှိခဲ့ပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့က စိန် နဲ့ ရွှေတွေကိုလည်း တရုတ် နဲ့ ဒေသခံထက် တခြားလုပ်ငန်းရှင်တွေကို ဦးစားပေးလုပ်ကိုင်ခွင့်ပေးခဲ့တာလို့ ပြောဆိုနေကြပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မိုးကုတ်မြို့ကို TNLA ကလုံခြုံရေးယူပေးပြီး စစ်တပ်က ကားအစီး ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာခဲ့သလို အရှေ့ပိုင်း ၊အနောက်ပိုင်းကို တပ်ဖြန့်ခွဲထားပြီး မြို့ပြင်တွေကိုတော့ TNLA က လုံခြုံရေးဆက်လက်ရယူထားဆဲဖြစ်ပါတယ်။
မိုးမိတ်မြို့ကိုတော့ စစ်တပ်ယာဉ်တန်းတချို့ရောက်ရှိထားပြီး တချို့ယာဉ်တန်းကို မိုးကုတ်-မိုးမိတ်လမ်းပိုင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေပါတယ်။
