
မတ် ၁၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေဟာ နေရပ်ပြန်ချိန်မှာ ခွေးရူးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဥရုချောင်းကမ်းဘေး နဲ့ ချင်းတွင်းမြစ် ကမ်းဘေးရှိ ကျေးရွာများမှ စစ်ဘေးရှောင်တွေဟာ အခုလို အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
“မော်တော်ယာဉ်တွေ ကမ်းလာကပ်ရင်တောင် လူကို လိုက်ဆွဲကြတော့တာဗျ ရွာတွေကို ပြန်မယ်ဆိုရင်တောင်မှ ပစ္စည်းပြန်သွားသယ်ယူမယ်ဆိုရင်တောင်မှ ဒီခွေးတွေရဲ့ အန္တရာယ်ကိုစိုးရိမ်နေရပြီ။ လူတွေကို အန္တရာယ်မပြုသည့်တိုင် ဒီခွေးတွေဟာ တောရိုင်းတိရိစ္ဆာစိတ်ပေါက်နေကြပြီ”လို့ ဟုမ္မလင်းမြို့သို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေဟာ စိုက်ပျိုးမွေးမြူရေးနဲ့ စားသောက်ရေးအတွက် မွေးမြူတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊နွား ၊ ဝက် ၊ ကြက် ၊ ဘဲ တွေကို ထားရစ်ခဲ့ရတာပါ။
သေဆုံးသွားသည့် တိရစ္ဆာန်များကို ခွေးများက စားသောက်ကြတာဖြစ်ပြီး ခွေးများလည်း တောရိုင်းတိရစ္ဆာန်တွေလိုဖြစ်လာနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ သေနတ်တွေမှန် ၊ ဗုံးစတွေမှန်တဲ့အခါ ပြီးတော့ ခွေးတွေက အစာကြွေးမယ့်သူလည်းမရှိတဲ့အခါကျတော့ ကျန်နေရစ်ခဲ့တဲ့ ကျွဲနွားတို့ ဘဲ၊ ကြက်၊ဝက်တွေ စားတဲ့အခါ အဲ့အသားစားရတဲ့အရသာကို ကြိုက်သွားကြပြီ” လို့ မြင်သာကျေးရွာ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။
နွေဦးရာသီမှာ ခွေးရူးရာသီဖြစ်လာနေပြီး ခွေးရူးကာကွယ်ဆေးတွေဟာလည်း စျေးနှုန်းအဆမတန်မြင့်တက် နေတဲ့အတွက် ဒီလိုခွေးရူးပပျောက်ရေးကို ဒေသအာဏာပိုင်တွေက စီမံချက်တစ်ရပ်ပြုလုပ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ နမ့်တောဒေသမှာ ခွေးရူးကာကွယ်ဆေးတစ်လက်ဟာ ကျပ်ရှစ်သောင်းကျော်အထိရှိနေပြီး ဆေးဝါးတွေလည်းရှားပါးနေတာလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာ နှစ်ဆယ်ဝန်းကျင်က ဒေသခံ ထောင်နှင့်ချီဟာ စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော်ကြာမြင့်လာပြီး နေရပ်မပြန်နိုင်ကြသေးကြောင်း သိရပါတယ်။