
စက်တင်ဘာ ၄ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရေယာဉ်တစ်စီးကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဟုမ္မလင်းဆိပ်ကမ်းတွင် စက်တင်ဘာလ ၁ရက်နေ့မှာ မီးမထွန်းထားသော စက်လှေများကို အမည်မသိတဲ့ လက်နက်ကိုင်ဆောင်သူ ၃ ဦးက အကြောင်းမဲ့လာရောက်ပြီး ပိုက်ဆံ သိန်း ၃၀ ကျပ်တိတိ ဓားပြတိုက်သွား တာဖြစ်တယ်လို့ဆိုပါတယ်။
“ အေးသူတို့က မီးထွန်းထားတဲ့စက်လှေတွေကိုတော့မလာသွားဘူး မီးမထွန်းတဲ့စက်လှေတွေကိုလာပြီး တောင်းသွားတယ်၊ သူတို့ကလက်နက်တွေနဲ့ ဘယ်အဖွဲ့ ရယ်တော့မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားပြလာရောက်တိုက်တဲ့သူတွေကို ဒေသအာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒီပြဿနာဖြစ်ပြီးတဲ့အချိန်ကစပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA က ညပိုင်းအချိန်တွေမှာ ကင်းလှည့်စစ်ဆေးခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့ကို ပြီးခဲ့တဲ့ဩဂုတ်လမှာ တစ်နှစ်နီးပါး ပိတ်မိနေတဲ့ ကုန်တင်စက်လှေတွေဟာ ဆိုက်ကပ်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ကို အုပ်ချုပ်ရေးကလည်း မြို့နယ်အတွင်း နယ်မြေမငြိမ်မသက်မှုတွေကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်တစ်ရပ်ကိုထုတ်ပြန်ထားဆဲအခြေအနေလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာ ဓားပြမှုတွေဟာ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး အဲ့ဒီအချိန်က လုယက်ခံရမှုတွေဟာ နမ့်တောကျေးရွာသို့ သွားလမ်းရှိ ခုံတမ်းကြီးကျေးရွာ၊ ကန်ကျော်ရကျေးရွာသို့ သွားလမ်းပေါ် စတဲ့နေရာများနဲ့ တက်ခ ၊ပေကုန်း ကျေးရွာများတွင် ဖြစ်ပေါ်ခဲ့တာလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
