ဇွန်် ၂၅ ၊ ဖားကန့်
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုလုံးဆိုင်ရာ ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှုကော်မတီ နာယကတစ်ဦးဖြစ်တဲ့ ဦးသန်းဖေက နေအိမ်မှာ ဒီနေ့ညမှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဟောင်ပါးဒေသခံတွေဆီကနေသိရပါတယ်။
“ ဘယ်လိုဖြစ်သွားသလဲဆိုတော့ ကြားထားတဲ့အရဆိုရင် ဆိုင်ကယ်နဲ့ လာပစ်သွားတယ်။ ခေါင်းမှာ သုံးချက်ထိသွားတယ်တဲ့။ မျက်လုံးတွေ ခေါင်းတွေပဲပေါ့” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
လူငယ်အရွယ် နှစ်ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး လာပစ်သွားတဲ့သူ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ပြောဆိုနိုင်ခြင်းမရှိကြသေးပါဘူး။
သူက ရှမ်းနီရှေးဟောင်းစာပေလေ့လာလိုက်စားသူတစ်ယောက်လည်းဖြစ်ပြီး ရှမ်းနီစာပေအရေး လုပ်ဆောင်မှုတွေမှာ ဦးဆောင်ပါဝင်တဲ့သူတစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။
ဦးသန်းဖေက အသက် (၆၀) ကျော်အရွယ်ဖြစ်ပြီး အာဏာမသိမ်းခင် နှစ်များစွာကတည်းက ရှမ်းနီအရေးကိုသာဆောင်ရွက်နေသူဖြစ်ပြီး လွန်ခဲ့တဲ့ (၁၀) စုနှစ်ကျော်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းသိရပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ဇွန်လ တစ်လအတွင်းမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှု (၁၀) ဦးအထိရှိနေပြီလည်းဖြစ်ပါတယ်။