ဇန်နဝါရီ ၂၇ ၊ ရန်ကုန်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အသစ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လာပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်း နဲ့ ကျပ်သိန်းတစ်ထောင် တင်ပြရမယ်လို့ ဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအတွက် ပါတီဝင်အင်အား တစ်သိန်း နဲ့ ကျပ်သိန်းတစ်ထောင် နဲ့ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးတစ်ခုအတွင်းသာ စည်းရုံးမယ့် ပါတီအတွက် ပါတီဝင်အင်အားတစ်ထောင်နဲ့ ကျပ်သိန်း တစ်ရာ ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြရမယ်လို့ဆိုထားပါတယ်။
စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေကြောင်း တိုင်းရင်းသားပါတီတွေ ရပ်တည်ဖို့ အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
“ ၂၀၂၀ တုန်းက ဥပဒေက ငွေရေးကြေးရေးမပါဘူး၊ အသင်းဝင်အင်အား တစ်နိုင်ငံလုံးပြိုင်မယ်ဆို ၁ထောင် ရက် ၉၀ အတွင်းတင်ရမှာလေ။အခုက လူဦးရေကလည်း များ ငွေအမောင့်ကလည်းများဆိုတော့ ငါထင်ပါတယ် ငါတို့ပါတီတစ်ခုတည်းမဟုတ်ဘူး ကျန်တဲ့ပါတီတွေလည်းပဲ တိုင်းရင်းသားပါတီအနေနဲ့ ရပ်တည်ဖို့ နည်းနည်းခက်ခဲသွားမှာပေါ့နော့်” လို့ ကျားနီပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။
ဒီဥပဒေပြဌာန်းပြီးတဲ့နောက် တည်ဆဲရှိနေတဲ့ နိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်ဆီကို ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာဖြစ်ပြီး လုပ်ဆောင်ခြင်းမရှိရင် ပါတီအလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အစိုးရလက်ထပ်ဖြစ်တဲ့ ၂၀၁၀ မှာ ပြဌာန်းခဲ့တဲ့ ဥပဒေမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။