ဇန်နဝါရီ ၁၀ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ကမ်းကျေးရွာတွေအတွင်းက လူငယ်အယောက်(၂၀၀)ခန့်ကို ယမန်နေ့ ဇန်နဝါရီလ(၉)ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့(KPDF)များက စုဆောင်းရေးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ အကုန်လုံးဆွဲနေတာ လုံးတုံရော၊မမုန်ကိုင်၊နမ့်ပဒဲ တွေရော၊လွဲမွန်ရောအကုန်ဆွဲတာကြီးကို နေရာတိုင်းပဲ တွေ့တဲ့လူကိုအကုန်ခေါ်တာပါ့ ရွာခံတွေကိုရော ဖိုးသမားတွေကိုရော တွေ့ရင်တွေ့တဲ့လူအကုန်ခေါ်နေတာ”လို့ နမ့်ပတဲကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
မနေ့ကတစ်ရက်တည်းမှာပင် လုံးတုံ(ခေါ်) အင်းတော်ကြီးမြို့ နဲ့ မမုန်ကိုင်ကျေးရွာကြားရှိ လမ်းပိုင်းမှာ လုံးတုံမြို့သား(၇၀)ခန့်၊ မမုန်ကိုင်ကျေးရွာသား(၁၀၀)ကျော်တို့ကို KPDF များ စုဆောင်းရေး(အရပ်အခေါ် ပေါ်တာဆွဲ)ခေါ်ဆောင်သွားပြီး ကျန်ကျေးရွာတွေမှာလည်း ထိုနည်းတူဖမ်းဆီးခံရသူတွေရှိနေကာ အရေအတွက်တိတိကျကျသိရှိနိုင်ခြင်းမရှိသေးပါဘူး။
တခြားကျေးရွာတွေမှာလည်း ဒေသခံလူငယ်ရာနှင့်ချီဖမ်းဆီးခံနေကြရတယ်လို့ အင်းတော်ကြီးဒေသခံများက ပြောဆိုနေကြပါတယ်။
၎င်းတို့ဖမ်းဆီးမှုထဲ ပါဝင်သွားသူတွေရဲ့ မိသားစုဝင်များက ပြန်လည်ရွေးထုတ်နိုင်ဖို့ နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းမှုတွေ ပြုလုပ်ကြပေမယ့်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။
“ လုံးတုံကမနေ့ကဖမ်းသွားတဲ့သူတွေကို ညောင်ပင်ဘက်ကိုပို့တယ်လို့ပြောတယ်။ စက်လှေနဲ့ညောင်ပင်ဘက်ကိုတစ်ခါတည်းပို့တာတခြားရွာတွေမှာလည်းဖမ်းတယ် အဲ့ရွာတွေမှာတော့ ဘယ်နှစ်ယောက်ပါလို့ပါသွားမှန်းတောင်မပြောတတ်ဘူး” ဟု စစ်ကောင်စီတပ်ဖွဲ့များထံမှ ၎င်းတို့(KPDF)သိမ်းယူထားတဲ့ ညောင်ပင်ကျေးရွာအဝင်ရှိ အထိုင်တပ်စခန်းသို့ ဖမ်းဆီးသွားတဲ့လူငယ်တွေကို ပို့ဆောင်နေကြောင်း သူကဆိုပါတယ်။
အင်းတော်ကြီးဒေသကနဲ့ ကပ်လျက်မှာရှိနေတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတဝိုက်မှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
အင်းတော်ကြီးဒေသ အနောက်ကမ်းရှိ ကျေးရွာအများစုကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ ထိန်းချုပ်ထားတာဖြစ်ပြီး စစ်သားစုဆောင်းမှုမကြာခဏရှိနေတာလို့ စုဆောင်းရေးဆွဲခံရတဲ့မိသားစုတွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက ပြောဆိုကြပါတယ်။