အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့အနီးရှိ ချောင်းဖျားတွေမှာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရေးတွေစတင်လုပ်ကိုင်နေ

ဇွန်(၄)၊အင်းတော်ကြီး

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသက နန့်မွန်းမြို့အနီးရှိ ချောင်းဖျားတွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေဟာ စက်ယန္တရားကြီးများနဲ့ ရွှေတူးဖော်မှုတွေ စတင်လုပ်ကိုင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

နန့်မွန်းမြို့ကနေ တစ်မိုင်ခန့်အကွာ အနောက်တောင်ဘက်ရှိ ကပ်ကျော်လမ်းပိုင်းက  ချောင်းဖျားနဲ့ မြို့နဲ့နှစ်မိုင်အကွာ တောင်အရပ်ဘက်ရှိ ချောင်းဖျားတွေမှာ ဘက်ဟိုးယန္တရားများဖြင့် မြေလှန်တူးဖော်တာတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ဆိုကြပါတယ်။

“ချောင်းဖျားတွေကနေစပြီး နတ်ကြီးကုန်းရပ်ကွက်ထိပ်ချောင်းအထိကို ဘက်ဟိုးနဲ့ရွှေတောက်လျှောက်လုပ်ဆင်းခဲ့မယ်လို့ အစီအစဉ်ရှိထားတယ်လို့ကြားတယ် နောက်ထပ်ယာထားတဲ့အခင်းကွက်တွေ လယ်ကွက်တွေလည်း ဝယ်ပြီးစလုပ်နေတာတွေရှိသလို နောက်ထပ်ရွှေလုပ်ဖို့ယာထားတဲ့နေရာတွေလည်းရှိထားတယ်” လို့ နန့်မွန်းမြို့အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ဒေသတွင်းအာဏာပိုင်များရဲ့ ခွင့်ပြုချက်နဲ့တူးဖော်နေကြတာဖြစ်တယ်လို့လည်းသိရပြီး တူးဖော်နေသူတွေထဲမှာ မြို့နေဒေသခံအချို့လည်းပါဝင်ကြသလို  မမုံကိုင်ကျေးရွာကရွှေတူးဖော်ရေးလုပ်ငန်းရှင်များလည်း ပါဝင်ကြကြောင်း သိရပါတယ်။

ဒီရွှေတူးဖော်မှုတွေကြောင့် ချောင်းရေစတင်နောက်ကျိလာမှုတွေ ဖြစ်ပေါ်လာနေပါတယ်။

အရင်နှစ်တွေကတည်းက ဒီချောင်းဖျားတွေမှာ တစ်နိုင်တစ်ပိုင်ရွှေတူးဖော်မှုတွေပြုလုပ်နေတာရှိပေမယ့် မကြာသေးမီ (၂)လ အတောအတွင်းကနေစပြီး  အခုလိုစက်ယန္တရားကြီးများနဲ့ စတင်တူးဖော်လာကြတာဖြစ်ပါတယ်။ 

ဒေသခံအများအပြားကတော့ လယ်ယာမြေတွေနဲ့ ချောင်းမြောင်းတွေအတွင်းက ဒီရွှေတူးဖော်မှုကို စိုးရိမ်ပူပန်မှုများရှိနေကြပြီး ချောင်းရေတိမ်ကောမှုများ ၊သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ရေကြီးရေလျှံမှုများ  ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

“ချောင်းဖျားမှာ ဆည်တစ်ဆည်ရှိတယ် နန့်မွန်းရေလွှဲဆည်လေ ပြည်တော်သာဆည်ကိုပြန်လွှဲပေးတဲ့ဆည်ပေါ့ ဒီဆည်ကိုတောင်မှ သူတို့က ဘက်ဟိုးကုတ်ဖြိုပြီး နောက်မှအသစ်ပြန်ဆောက်ပေးမယ်ဆိုပြီး ညှိကြသေးတာ လယ်သမားတွေအခင်းလုပ်တဲ့သူတွေနဲ့ စကားများတာဖြစ်ကြသေးတယ် မလုပ်တော့ဘူးလို့တော့ သဘောတူပြေလည်ထားတယ်လောလောဆယ်တော့”လို့ မြို့ခံလူငယ်တစ်ဦးက ဆိုပါတယ်။

နန့်မွန်းမြို့မှာ သစ်တောပြုန်းတီးမှုများကြောင့်  ပြီးခဲ့နှစ်ပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ မကြာခဏ ဆိုသလို ဆိုးရွားရွားဖြစ်ပေါ်လာနေပြီး လယ်ယာများပျက်စီးမှုနဲ့ လမ်းပိုင်းပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *