အင်းတော်မြို့နယ်ပင့်တင်ကျောင်းထိုင်ဆရာတော်ဖမ်းဆီးသတ်ဖြတ်ခံရ

အောက်တိုဘာ ၃ ၊ အင်းတော် 

စစ်ကိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးရှိ ပင့်တင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို  ကျေးရွာအနီးနား အခြေချထားသည့်  KIA+PDF တပ်ဖွဲ့များက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရကြောင်း ၎င်းနှင့်နီးစပ်သည့် သံဃာတော်တွေဆီကနေ သိရပါတယ်။ 

ဆရာတော် ဦးဉာဏ်ဏိတ အသတ်ခံရပြီးနောက်ပိုင်းမှာ  ဆရာတော်အလောင်း သွားရောက်ကောက်ယူဖို့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ပြောခဲ့တဲ့အတွက် သွားရောက်ကောက်ယူခဲ့ပြီး  မီးသင်္ဂြိုလ်ခဲ့တာဖြစ်တယ်လို့ ပင့်တင်ကျေးရွာသားများနှင့်အနီးကပ်ရှိနေသည့် သံဃာတော်တစ်ပါးက ဆိုပါတယ်။ 

“၂၉ ရက်နေ့ကြတော့ သတ်တယ်လို့ပြောတာ အသံကြားတာပါ့။ ဒါပေမယ့် ဘယ်သူမှလည်း မကောက်ချည်ဘူး။ ကောက်လာတော့ဆိုပြီးပြောလိုက်လို့ သွားကောက်ချည်တာ။ အဲ့ဒါ မယူခဲ့တော့ဘူးလေ ၊  ဘယ်သူမှ မယူခဲ့တော့ဘူး။ အဲ့နားမှာပဲ သင်္ဂြိုလ်ထားခဲ့တာ။ မနေ့တစ်နေ့ကမှ သင်္ဂြိုလ်လိုက်ရတာလေ။”  လို့ ၎င်းက မိန့်ကြားပါတယ်။

KIA+PDF ပူးပေါင်းတပ်ဖွဲ့များကတော့ အခုဖြစ်ရပ်နှင့်ပတ်သက်ပြီးထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပါဘူး။ 

ပင့်တင်ဆရာတော် ဦးဉာဏ်ဏိတသည် သက်တော် ၅၃ နှစ် ဝါတော် ၃၂ ဝါ ရှိပြီဖြစ်ကာ  ငယ်ဖြူတစ်ပါးဖြစ်သလို  ဝိနည်းဓိုရ်ကျင့်ကြံတဲ့ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။ 

အခုဖြစ်ရပ်မတိုင်ခင်က ဆရာတော်နေထိုင်တဲ့ကျောင်းမှာ လွန်ခဲ့တဲ့လအနည်းငယ်ကသတိပေးစာပစ်ခံရပြီးနောက်  ဆရာတော်က ရှောင်တိမ်းခဲ့ဖူးကြောင်းသိရပါတယ်။ 

“ အလှူပွဲလား ဘာလဲ မသိဘူး လုပ်တော့။ သူ့ကို တရားဟောခိုင်းတဲ့အခါကျတော့ သူက သစ်ပင်တစ်ပင်မှာပေါ့ကွာ အနီနဲ့ အစိမ်းနဲ့ ရှိတယ်ပေါ့လေ။ အစိမ်းတွေကတော့ ဝေဖြာဦးမှာပေါ့လေနော။ အနီဆိုတဲ့အမျိုးကတော့ မကြာခင် ကြွေမှာပေါ့လေ။ အဲ့ဒါလည်း ဟောပြီးတဲ့အခါကြတော့ သူကဝါမဝင်ခင် တစ်လလောက်အလို သူ့ဘုန်းကြီးကျောင်းကို စာပစ်တာပါ့အေး” လို့ ဆရာတော်နှင့်အတူ ရှိခဲ့ဖူးသူ တစ်ဦးကပြောပြပါတယ်။ 

ပင့်တင်ဆရာတော် ဦးဉာဏ်ဏိတသည် စာအပစ်ခံရပြီးနောက်ပိုင်း ပင့်တင်ကျေးရွာကနေ ရှောင်ထွက်သွားခဲ့ပြီး ဝါတွင်းကာလမှာ ကျေးရွာ ရှိ ဒါယိကာ၊ ဒါယိကာမများက အာမခံကြောင်း ပြန်လည်ပင့်လျှောက်မှုကြောင့် ဝါဆိုဖို့ ကျောင်းကို ပြန်လည်ကြွလာခြင်းဖြစ်ကြောင်းသိရပါတယ်။ 

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သတ်ဖြတ်ခံရသည့် ရဟန်းသံဃာ အပါး ၈၀ ကျော်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တင် IBEC ရဲ့ ဆရာတော်ရဲ့ ပြောဆိုမှုအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *