အလုပ်အကိုင်ရှားပါးနှင့်စစ်ရေးပဋိပက္ခတွေကြောင့်ပင်လည်ဘူးမြို့ကျေးလက်ရှိလူငယ်အများနေရပ်စွန့်ခွာမှုများလာ

ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးကိုတွေ့ရစဉ် Photo/ShanNi Voice

မတ် ၆ ၊ ပင်လည်ဘူး 

 လူငယ်များအတွက် အလုပ်အကိုင်ရှားပါးလာမှုနှင့် ဒေသတွင်း စစ်ရေးပဋိပက္ခ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ပင်လည်ဘူးမြို့ ကျေးလက်ဒေသရှိ လူငယ်တွေဟာ နေရပ်စွန့်ခွာမှုများလာနေတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။ 

“ ငါတို့ဘက်မှာဆို လူငယ်တွေက ထွက်ကုန်ပီ အလုပ်အကိုင်က ရှားတာနှင့် ကုန်ဈေးကကြီးတာနှင့် ဒီကြားထဲ စစ်က ခဏခဏဖြစ် လမ်းက ခဏခဏပိတ်ကြတော့ ယောကျ်ားလေးတွေဆို သိပ်မနေချင်ကြဘူး”  လို့ ပင်လည်ဘူး မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်​။ 

လူငယ်တွေဟာ ဟုမ္မလင်း၊ ဗန်းမောက် ၊ ကျွန်းလှ စတဲ့မြို့တွေက ရွှေတူးဖော်တဲ့ ရွှေမှော်တွေမှာ သွားရောက်လုပ်ကိုင်နေကြသလို တချို့လည်း  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ  ရွေ့ပြောင်းအလုပ်လုပ်ကိုင်နေကြတာလို့ သိရပါတယ်။ 

လူငယ်များထဲက အမျိုးသားအများစုက နေရပ်စွန့်ခွာပြီး တခြားဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။ 

“ အလှူပွဲမှာဆိုရင်တောင် ပွဲဆင်း(လုပ်ကူကိုင်ကူ) တဲ့ အပျိုလူပျိုတွေဆို  မိန်းကလေးတွေကချည်းပဲ ယောကျ်ားလေးက နည်းသွားပီ” လို့ ၎င်းက ဆိုပါတယ်။ 

ကျောင်းနေအရွယ် ကလေးအချို့က ပညာဆက်လက်ဆည်းပူးမှုတွေ  မလုပ်ကြတော့ပဲ အသက်မွေးဝမ်းကြောင်းရေးတွက်သာ လုပ်ကိုင်နေကြလို့ အနာဂတ် လူငယ်တွေရဲ့ပညာရေးအတွက်လည်း စိတ်ပူမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပင်လည်ဘူးမြို့နယ်ရဲ့ ကျေးလက်မှာ လူနေထိုင်မှု ၉၃ ရာခိုင်နှုန်း ကိုးသောင်းကျော်ဟာ ကျေးလက်မှာနေထိုင်ပြီး   အသက် ၁၅-၃၅ အတွင်းလူငယ်အရေအတွက် သုံးသောင်းကျော်ရှိပါတယ်။ 

  အလားတူ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တွင်းမှာလဲ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လူငယ်အများပြားက ရှောင်တိမ်းမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *