ဒီဇင်ဘာ ၂၅ ၊ တမူး
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းတိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်သူတွေထဲ ရှမ်းနီတိုင်းရင်းသား တစ်ထောင်ကျော်ရှိတယ်လို့ International Tai Meitei (Kassay) Association ( နိုင်ငံတကာ တိုင်းမီတဲ(ကသည်း) အရပ်အဘက်အဖွဲ့အစည်း_အိန္ဒိယ)ကပြောပါတယ်။
“ တိုင်း(ရှမ်း)၊ ရှမ်းနီ တွေဟာလည်း ငါတို့ညီအစ်ကိုတွေဖြစ်တဲ့အတွက် အခုသူတို့အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ငါတို့ မီသဲ(ကသည်း)တွေအနေနဲ့ သူတို့ကို ကူညီသင့်ပါတယ်” လို့ ၎င်းအဖွဲ့အစည်းက ဥက္ကဌ မဟက်ဆန်ရက်ကူးမား က ပြောပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရှမ်းနီ ဒုက္ခသည်တွေကို ငွေကြေးအပြင် ကူညီထောက်ပံ့ပစ္စည်းတွေကို တိုးချဲ့ပေးအပ်ဖို့အတွက် ITMA အဖွဲ့က တောင်းဆိုထားပါတယ်။
ထွက်ပြေးတိမ်းရှောင်တဲ့ လူတစ်ထောင်ကျော်ဟာ တမူးမြို့နယ်အတွင်းက သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာမှတွေမှ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေက အောင်ဇေယျ မှ ၅၈၁ ဦး၊ သနန်ကျေးရွာ မှ ၂၅၈ ဦး ၊ စိုးသာယာကျေးရွာမှ ၂၂၇ ဦး ရှိပြီး စုစုပေါင်း ၁၀၆၆ ဦးရှိကြောင်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင်းက ရှမ်းနီတိုင်းရင်းသားတွေနေထိုင်တဲ့ သနန်ကျေးရွာ(မၫꩫ်ႍꩬꩫမ်) ကူကီးအမျိုးသားတပ်မတော် KNA-burma နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNDF/ (CRDF) တမူးခရိုင် PDF တပ်ဖွဲ့တို့က ရှမ်းနီတိုင်းရင်းသားများကို ကျေးရွာမှ နင်ထုတ်ခဲ့ကြတာလို့ ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံး (SNUA) ကဆိုထားပါတယ်။
သနန်ကျေးရွာမှ ရှမ်းနီတိုင်းရင်းသားတွေက အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင်းဘက်ကို တိမ်းရှောင်သွားကြတာလဲဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားများအစည်းရုံး နှင့် မြန်မာနိုင်ငံတွင်းက ရှမ်းနှင့် ရှမ်းနီအရပ်ဘက်အဖွဲ့စည်းများရဲ့ အကူညီပေးကြဖို့ တောင်းဆိုခဲ့ကြတာလဲဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်တွင်း တိမ်းရှောင်သွားတဲ့ ရှမ်းနီတိုင်းရင်းသားစစ်ဘေးရှောင်များကို ကူညီပေးတဲ့ မဏိပူပြည်နယ်ဒေသခံလူမျိုးတွေဖြစ်တဲ့ ရှမ်းမျိုးနွယ်စုများနဲ့ ရှမ်းအရပ်ဘက်အဖွဲ့စည်းများကို အထူးပင်ကျေးဇူးတင်းကြောင်း ရှမ်းနီတိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအစည်းရုံး SNUA က သတင်းထုတ်ပြန်ထားပါတယ်။