အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့နယ်အတွင်းရှိမြို့နှစ်ခုကို NUG သိမ်းပိုက်ထိန်းချုပ်ထား

မေ ၁၉ ၊ တမူး 

အိန္ဒိယ-မြန်မာနယ်စပ်မြို့၊ တမူးမြို့နယ်အတွင်း ပါဝင်သည့် မြို့သစ်မြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ကြေညာခဲ့သည်။​

တမူးမြို့နယ် မြို့သစ်မြို့တွင် အခြေပြုနေသည့် ခလရ-၂၂၈ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့သစ်မြို့ကို ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်ကြောင်း NUG မေလ ၁၁ ရက်နေ့တွင် ကြေညာခြင်းဖြစ်သည်။ 

“ ကမ်ဂျုံးမ် နဲ့ တအားနီးတယ် သူတို့တွေ တိုက်ခိုက်ကြတဲ့နေရာဟာ။ မနေ့က (မေလ ၁၁ ) ရက်နေ့မှာ ငြိမ်သွားတယ်၊ PDF တွေစခန်းသိမ်းလိုက်နိုင်ပြီထင်တယ်” လို့ အိန္ဒိယနိုင်ငံအတွင်း စစ်ရှောင်နေသူ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

မြို့သစ်မြို့ ဘုရားကုန်းတွင် အခြေပြုထားသည့် ခလရ ၂၂၈ ၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ နဲ့ ပူးပေါင်းအင်အား (၂၅၀) နဲ့  တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ 

တိုက်ပွဲသည် မေလ (၇) ရက်နေ့မှ မေလ (၁၁ ) ရက်နေ့အထိ ၅ ရက်တာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  စခန်းမှူးအပါအဝင် ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။ 

တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် PDF ပူးပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။ 

တော်လှန်ရေးအင်အားစုများ နယ်စပ်မြို့နှစ်ခုကို ထိန်းချုပ်ထားသလို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရသည်လည်း စစ်ဘေးတိမ်းရှောင်သူများကို နေရပ်ပြန်ပို့ရေး ပြင်ဆင်မှုများဆက်တိုက် ပြုလုပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ရှမ်းနီအသံကိုပြောသည်။ 

“ အခုအနေအထားက ထိလွယ်ရှလွယ်တဲ့အနေအထားဖြစ်နေတယ်။ အိန္ဒိယအစိုးရက လည်း မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်နေသူ  (စစ်ဘေးတိမ်းရှောင်သွားတဲ့သူ) တွေကို ပြန်ပို့မယ်ဆိုတာ ဆုံးဖြတ်ချက်ထားတယ်။ ဘာမှမကူညီနိုင်တာကိုတော့ ဝမ်းနည်းမိတယ်” လို့ အိန္ဒိယနိုင်ငံအတွင်း ကူညီနေသည့် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် မြို့သစ်မြို့အနီး တိုက်ပွဲကြောင့်  သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာ ဒေသခံရှမ်းနီတိုင်းရင်းသား သုံးထောင်ကျော်ဟာ အိန္ဒိယနိုင်ငံ ကမ်းဂျွန်းမ်းခရိုင်ကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ခမ်းပတ်မြို့မှ ဒေသခံ ထောင်နှင့်ချီသည်လည်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်းကို ဝင်ရောက်ခိုလှုံခဲ့ပြီး မဏိပူရ်ပြည်နယ်အစိုးရက လူသားချင်းစာနာမှု အကူအညီများဆောင်ရွက်ပေးထားကြောင်းသိရသည်။ 

ခမ်းပတ်မြို့တွင် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး စာရင်းအရ လူဦးရေ တစ်သောင်းကိုးထောင်ကျော်နေထိုင်ပြီး မြို့သစ်မြို့တွင် လူဦးရေ နှစ်ထောင်နီးပါးနေထိုင်ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *