ဇန်နဝါရီ ၁၇ ၊ ရန်ကုန်
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်ကောင်စီကို လေကြောင်းပိုင်နက်များ အသုံးပြုခွင့် မပေးဖို့ ဇန်နဝါရီလ (၁၇)ရက်နေ့က NUG ရဲ့ နိုင်ငံခြားရေးဝန်းကြီးဌာနက တောင်းဆိုတဲ့ ကြေညာချက်တစောင်ထုတ်ပြန်လာပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး CDF ရဲ့ ဌာနချုပ် Camp Victoria ကိုအိန္ဒိယ လေကြောင်းပိုင်နက်ကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက ၎င်းတို့နယ်မြေဘက်ကို ဗုံးကျရောက် ပေါက်ကွဲမှု မရှိဘူးလို့ငြင်းဆိုထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာလည်း ကရင်အမျိုးသားများအစည်းအရုံး ဥကရစ်ထ တပ်စခန်းတွေကို စစ်ကောင်စီလေတပ်ရဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်မှာ ထိုင်းလေပိုင်နက် အတွင်းသို့ ၄ ကီလိုမီတာဝင်ရောက်ပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့မှုရှိခဲ့ပါတယ်။
စစ်အုပ်စုများဟာ အိမ်နီးချင်နိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်တွေကို အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရဲ့ လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့တဲ့ အစဥ်အလာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့် တစ်နှစ်ကျော်အတွင်းမှာ အရပ်သား နဲ့ ကလေးငယ်တွေအပါအဝင် လူ ၄၆၀ ကျော်သေဆုံးထားပြီလို့လည်း NUG က ဆိုထားပါတယ်။
ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့ရဲ့လေပိုင်နက်တွေကို အသုံးပြုပြီး မြန်မာနိုင်ငံပြည်သူများကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ တောင်းဆိုတာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။