အုပ်ချုပ်ရေးတွေယန္တရားလည်ပတ်ဖို့ ဝန်ထမ်းများ မိုးကုတ်မြို့ကို ပထမတစ်သုတ်ရောက်ရှိ 

ဇန်နဝါရီ ၂၀ ၊ မိုးကုတ် 

တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) မှ လွှဲပြောင်းပေးခဲ့တဲ့ မိုးကုတ်မြို့မှာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းတွေစတင်ရောက်ရှိလာခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ 

“ မနေ့က ( ဇန်နဝါရီ ၁၉) ရက်နေ့ မနက်ပိုင်း (၄) နာရီခွဲ (၅) နာရီကစလို့ မန်းလေးကနေ မိုးကုတ်ဘက်ကို အုပ်ချုပ်ရေးယန္တရားအတွက်စထွက်ခဲ့တယ်။ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ပေါ့၊ သုံးသပ်ရတာကတော့ ဒီမှာ အခြေအနေကို သူတို့က ထိန်းနိုင်သွားပြီဆိုတဲ့သဘောပဲ။ ဘယ်သူတွေပါခဲ့လဲဆိုတာကတော့ မသိသေးဘူး။ အခုလာတာ ပထမ တစ်သုတ်”​ လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အုပ်ချုပ်ရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအများစုဟာ  ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း (၂၀၂၄) ခုနှစ် ဇူလိုင်လကတည်းကစလို့ မိုးကုတ်မြို့ကနေ စွန်ခွာခဲ့ကြတာလည်းဖြစ်ပါတယ်။ 

TNLA မှ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ပြန်လွှဲပေးပြီးနောက်ပိုင်း စစ်တပ်နဲ့ အုပ်ချုပ်ရေးအကြီးတန်းဝန်ထမ်းတချို့သာ  ကနဦးဝင်ရောက်ခဲ့ပြီး သုံးလနီးပါးအကြာမှ တခြားသော အုပ်ချုပ်ရေးဝန်ထမ်းတွေက ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

TNLA က စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပေမယ့် NUG ရဲ့ PDF တပ်များနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေဟာ မိုးကုတ်မြို့နယ်အတွင်းမှာ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

“ ဒရုန်းချပြီးတဲ့ရက်တွေပြီးတော့ တိုက်ပွဲတွေကတော့ ဖြစ်လားမဖြစ်လားတော့မသိဘူး။ သေနတ်သံတွေကတော့ ညတိုင်းပစ်သံတွေကြားနေရတယ်”​လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ကုန်အထိ NUG ရဲ့ PDF တပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြီး (၆) ကြိမ် နဲ့ ထိတွေ့ တိုက်ပွဲငယ် (၉) ကြိမ် ဖြစ်ပွားခဲ့ပြီး စိုးမိုးကုန်း (၁) ခု ၊ ကျေးရွာ (၁)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်ရယူလိုက်ပေမယ့်လည်း စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံ အနည်းစုကသာ နေရပ်ပြန်လာကြသေးပြီး ဆက်လက်တိမ်းရှောင်နေသူများစွာရှိနေသေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *