ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ဒီနေ့ကစပြီး KIA+PDF များပိတ်ပင် 

ဧပြီ(၂၃)၊ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို တားဆီးနိုင်ရန်အတွက် ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ဒီနေ့ဧပြီ(၂၃)ရက်နေ့ မနက်ပိုင်း(၁၀)နာရီကနေစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ပင်လိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မင်းဇေသန့်အဖွဲ့ (ပြည်သူ့စစ်) ဒီဘက်ကိုထိုးထားတာ တစ်ချို့တစ်ဝက်လည်းရောက်နေပြီပြောတယ် တပ်သားအများကြီးလို့တော့ပြောတယ် ကျန်တဲ့နောက်ထပ်တပ်တွေထပ်မထိုးလာနိုင်အောင် KIA+PDF တွေက လမ်းပိတ်လိုက်တာ” လို့ နန့်ယားကျေးရွာသားတစ်ဦးက ပြောပြပါတယ်။ 

ဝရာဇွပ်ကျေးရွာအုပ်စုထဲပါဝင်တဲ့ ရှဒူးဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တို့ ရာချီဟာ ပြီးခဲ့တဲ့ရက်တွေကတည်းက ကာမိုင်းမြို့ဘက်ကနေ ဖားကန့်မြို့ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်နေပြီး အချို့တစ်ဝက်က လုံးခင်းကျေးရွာကိုရောက်ရှိကာ နေရာယူမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

စစ်ကော်မရှင်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒီလမ်းပိုင်းကိုပိတ်ပင်မယ့်အကြောင်းကို KIA ရဲ့တပ်မဟာ(၉) ၊တပ်ရင်း(၆)မှ  မနေ့က ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒီစစ်ကြောင်းထိုးမှုကို ထိန်းချုပ်ရပ်တန့်နိုင်ဖို့  ကာမိုင်းမရောက်မှီ နန့်ယားကျေးရွာလမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့PDF ပူးပေါင်းတပ်ဖွဲ့များက ယာဉ်အဝင်အထွက်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သလို ခြုံခုံတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

လုံးခင်းကျေးရွာထဲရောက်ရှိနေတဲ့စစ်ကော်မရှင်နဲ့ပြည်သူ့စစ်အဖွဲ့တွေဘက်ကလည်း  ဖြတ်သန်းသွားလာသူတွေကို အစစ်အဆေးတင်းကြပ်မှုတွေ ပြင်းထန်နေကြောင်း သိရပါတယ်။ 

“တိုက်ပွဲကဘယ်လိုဖြစ်မယ်ဆိုတာတော့မသိသေးဘူး  အမြင်အရတော့မိုးတွင်းအဝင်ကနေ မိုးတွင်းထဲ တစ်ခုခုတော့ဖြစ်မယ့်ပုံရှိတယ် အခုအချိန်တော့ နှစ်ဦးနှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေက အပေးအယူရှိထားမှာပဲ ခုရာသီချိန်မှာ တိုက်ပွဲအချက်ပြလိုက် ဝေစားမျှစားလုပ်လိုက်နဲ့ သူတို့ကျကောင်းနေကျတာပါ့ ကြားထဲပြည်သူတွေပဲနေရကြပ်တာပဲ ”   လို့ ဖားကန့်မြို့ခံတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲတွေက လုံးခင်းကျေးရွာနဲ့ မှော်ဆီဇာကျေးရွာတို့ ဘက်ခြမ်းမှာ  ပြီးခဲ့တဲ့လပိုင်းတွေကတည်းက မကြာခနဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားတဲ့ မှော်ဆီဇာကျေးရွာက ဘုရားကုန်းအမြင့်ပိုင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များ နေရာရရှိနိုင်ရန် တိုက်ခိုက်နေတာ လချီကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *