
ဇွန်( ၈) ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီကို မံအင်မင်းကုန်းအုပ်စု၊ မင်းကုန်းကျေးရွာ ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ ဒေသခံများသိရပါတယ်။
ဇွန်လ (၇ )ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကော်မတီအတွက် မေလ ၂၉ ရက်နေ့က မံစီကြီးဒေသစိတ် သျှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ၊ မံလူဒေသစိတ် သျှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ၊ ဒေသခံရပ်မိရပ်ဖများနဲ့ အုပ်ချုပ်ရေးမှူးများတို့ ပဏာမအစည်းအဝေး ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အရင်က ဖွဲ့စည်းထားခဲ့တဲ့ ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ရိုးရာယဉ်ကျေးမှုကော်မတီဟာ လုပ်ငန်းများ ရပ်နားထားခဲ့ရတာ ၅ နှစ်ခန့်ကြာမြင့်ခဲ့ပြီး မူလကော်မတီမှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ ရုံးဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့ စာရင်းကိုင်များသာ ကျန်ရှိနေတယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိလှုပ်ရှားဆောင်ရွက်နေသော မံစီဒေသစိတ်ကော်မတီနဲ့ မံလူဒေသစိတ်ကော်မတီတို့ကို ပေါင်းစည်းကာ ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
အခုကော်မတီမှာ ဥက္ကဋ္ဌ (၁) ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦး၊ အတွင်းရေးမှူး (၁) ဦး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦး၊ ဘဏ္ဍာရေးမှူး (၁) ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး (၂) ဦး၊ စာရင်းကိုင် (၂) ဦးနဲ့ ကော်မတီဝင် (၁၈) ဦး စုစုပေါင်း (၂၉) ဦးပါဝင်ထားပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ မံစီဒေသစိတ်နဲ့ မံလူဒေသစိတ်မှ အုပ်ချုပ်ရေးမှူးများအားလုံးကို မြို့နယ် တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီရဲ့ နာယကများအဖြစ် တာဝန်ယူဆောင်ရွက်သွားဖို့ ဖွဲ့စည်းထားတယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ဗန်းမောက်မြို့နယ် အနောက်ခြမ်း မံစီကြီးဒေသစိတ်မှ ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများမှာ တိုင်းရင်းသားစာပေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် နိုင်ငံတော်ရဲ့ ထောက်ပံ့မှုများ ရရှိစေရေး၊ သျှမ်းနီစာပေ၊ ရိုးရာယဉ်ကျေးမှု၊ သမိုင်းနဲ့ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးတို့အတွက် မြို့နယ်လုံးဆိုင်ရာ ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
