
ဇူလိုင် ၂၊ ဘန်ကောက်
ထိုင်းနိုင်ငံ မုတ်ဒါဟန်(Mukdahan) ပြည်နယ်၊ မောင်(Muang) ခရိုင်အတွင်း ဘုရားဖူးဒေသစာရီခရီး ကြွနေတဲ့ ရဟန်းတော်အဖွဲ့ကို အသက်(၁၁)နှစ်အရွယ် ကလေးငယ် မောင်းနှင်လာတဲ့ ပစ်ကပ်ယာဉ်တစ်စီး ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး (၈)ပါး ပျံလွန်တော်မူပြီး (၁၈)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားပါတယ်။
ဇူလိုင်(၃)ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က နာစီနွမ်(Na Si Nuan) ကျေးရွာအနီး လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော်တွေဟာ လမ်းလျှောက်ဘုရားဖူးခရီးစဉ်အတွင်း ယာဉ်တိုက်ခံခဲ့ရမှုဖြစ်ပွားခဲ့တာပါ။
သတင်းများအရ (၃၄)ပါးဟာ ဥဘွန်ရတ်ချဌာနီ(Ubon Ratchathani) ပြည်နယ်ဘက်ကနေ ဘုရားဖူးခရီး ထွက်လာခဲ့ပြီး Wat Roi Phrathabat Phu Manorom ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းဘုဉ်းပေးပြီးနောက် မုတ်ဒါဟန်ပြည်နယ် ဒွန်တန်(Don Tan) ခရိုင်ဘက်ကို ခြေလျင်ဆက်လက် ကြွချီနေစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သံဃာ (၅)ပါးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး ကျန် (၃)ပါးကတော့ မုတ်ဒါဟန်ဆေးရုံမှာ ကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့ပါတယ်။
ဒဏ်ရာရရှိသူ (၁၈)ပါးအနက် (၁၃)ပါးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရ ယာဉ်ကို မောင်းနှင်ခဲ့သူမှာ အသက်(၁၁)နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး ဖခင်ပိုင် Isuzu ပစ်ကပ်ယာဉ်ကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်မောင်းနှင်လာခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ကလေးငယ်ဟာ အထူးလိုအပ်ချက်ရှိသူဖြစ်ကြောင်းလည်း ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ယာဉ်ဟာ လမ်းဘေးက ရဟန်းတော်အုပ်စုထဲကို ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ကလေးငယ်ကို မောင်ခရိုင်ရဲစခန်းသို့ ခေါ်ဆောင်ကာ စုံစမ်းမေးမြန်းနေပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ တိုးမြင့်လာနိုင်ကြောင်းဆိုပါတယ်။
