အင်းတော်ကြီးဒေသအနောက်ကမ်းမှာတိုက်ပွဲပြန်လည်ပြင်းထန်နေ

အင်းတော်ကြီးကန်အတွင်း ကင်းလှည့်နေသည့် SNA တပ်သားများကိုတွေ့ရစဉ်/ Credit_ Shanni Empire Facebook

ဇူလိုင်(၁၇)၊ အင်းတော်ကြီး

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ဟဲပန်လမ်းခွဲမှာ  ရှမ်းနီအမျိုးသားများ  တပ်မတော် SNA ရဲ့ ကျားဖြူစစ်ကြောင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ တပ်စခန်းကို   ဇူလိုင်(၁၆)ရက်နေ့ကနေစပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။

“ ကုန်းမနတံတားဟိုဘက် ဟဲပန်လမ်းခွဲနည်းနည်းလွန်ပြီးတော့ လျှိုလေးရှိတယ်အဲ့ဒီနားမှာဖြစ်နေကြတယ်။  မနေ့ကကြားရသလောက် SNA ကျားဖြူစစ်ကြောင်းဘက်က ဟဲပန်လမ်းခွဲအထိသိမ်းထားပြီကြားတယ် ။ ဟဲပန်ရွာကိုဆက်တိုက်နေတုန်းထင်တယ်။  ဒီနေ့အထိလက်နက်ကြီးသံတွေကောကြားနေရတုန်း ” ဟု ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲက မနေ့က မနက်အစောပိုင်း(၃)နာရီခန့်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပစ်ခတ်သံတွေကြားနေရကြောင်း ဆိုကြပါတယ်။

ဇူလိုင်လအစပိုင်း (၂)ရက်နေ့က အင်းတော်ကြီးမြို့ (လုံးတုံ)  အနီးတစ်ဝိုက်က ဟိုဖာကုန်းနဲ့ ပတ္တမြားတောင်ရှိ KIA+PDF တပ်စခန်းတွေကို ကျားဖြူစစ်ကြောင်း+ပြည်သူ့စစ်ပူးပေါင်းပြီး  တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။

အင်းတော်ကြီးဒေသမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနေချိန်မှာပဲ KIA+PDF ဘက်က သူတို့ထိန်းချုပ်ထားတဲ့ ရှမ်းနီကျေးရွာတွေမှာ လူသစ်စုဆောင်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး အင်းမြှီးဒေသတွေမှာ တစ်ရွာ လူ (၅) ဦးနှုန်းနဲ့ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ ရွာဘက်မှာလူတအားတောင်းနေတ။ ညှိနှိုင်းနေကြတုန်း။  ခြောက်လတစ်ခါ (၅)ယောက်လူပေးရမယ်လို့ တောင်းနေကြတာ။  သူတို့ထဲဝင်ဖို့မဲနှိုက်ရမယ်လို့လည်းပြောနေတယ်။   ဘာမှမလုပ်ခိုင်းဘူး ရုံးထိုင်ပဲ လစာပေးမယ်ဆိုပြီး ပြောနေကြတာ ဒါပေမယ့် ရှေ့တန်းပဲပို့မှာပါသူတို့ ” လို့ အင်းမြှီးကျေးရွာဘက် နေထိုင်သူ ရှမ်းနီလူငယ်တစ်ဦးက ဆိုပါတယ်။

ဒီလိုတပ်သားသစ် စုဆောင်းမှုတွေကို ဒေသခံတွေကတော့ အပြင်းအထန်ကန့်ကွက်မှုတွေရှိနေပြီး အဲ့ဒီရွာက  လူငယ်အများအပြားလည်း ရွာထဲကနေ ထွက်ဖို့ခက်ခဲတယ်လို့ သိရပါတယ်။ 

ကျားဖြူစစ်ကြောင်း(SNA)တပ်ဖွဲ့များဘက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အင်းတော်ကြီးဒေသထဲကို ရောက်ရှိခဲ့ပြီး နန့်မွန်းမြို့၊ အင်းတော်ကြီးမြို့(လုံးတုံ) နဲ့ အင်းအရှေ့ကမ်းက ဟဲပါးရွာအထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *