စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း(၅)ခုမှာ လူပေါင်း(၁)သန်းကျော် ရေဘေးသင့်

သြဂုတ်(၁၄)၊ ချင်းမိုင် 

မြန်မာမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့    ပြည်နယ်နဲ့တိုင်းဒေသကြီး (၅)ခုရှိနေပြီး  လူပေါင်း(၁.၃) သန်းခန့်ဟာ ရေဘေးသင့်နေတယ်လို့ မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP Myanmar) ရဲ့ မနေ့ကအစီရင်ခံစာအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့က ဒေသခံတွေ ရေဘေးသင့်နေတာဖြစ်ပြီး   အဲဒီထဲက ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ အများဆုံးဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ  ငါးသိန်းခြောက်သောင်းကျော်၊ ရခိုင်ပြည်နယ်မှာ နှစ်သိန်းခုနှစ်သောင်းကျော်၊ စစ်ကိုင်းတိုင်းမှာ နှစ်သိန်းနှစ်သောင်းကျော်၊ မန္တလေးတိုင်းထဲမှာ တစ်သိန်းရှစ်သောင်းကျော်နဲ့ ပဲခူးတိုင်းမှာ ငါးသောင်းကျော် ရေဘေးသင့်နေတာလည်းဖြစ်ပါတယ်။ 

ဒီဒေသ(၅)ခုက  ဧရာဝတီနဲ့စစ်ကိုင်းက (၂၆)မြို့နယ်နဲ့  ကျန်တိုင်းနဲ့ပြည်နယ်တို့ရှိ  (၁၅)မြို့နယ်မှာ  ရေကြီးရေလျှံခဲ့တာဖြစ်ပြီး မြို့နယ်ပေါင်း (၄၁)ခုအထိ ရေဘေးသင့်နေတာဖြစ်ကြောင်း ဆိုပါတယ်။

ရေဘေးသင့်ဒေသတွေထဲက ဧရာဝတီတိုင်းအတွင်းမှာသာ အကူအညီအများဆုံးရရှိနေပြီး ကျန်တဲ့ ဒေသတွေမှာတော့အကူအညီရရှိနိုင်မှု နည်းပါးသလို လက်လှမ်းမှီမှု မရှိသလောက်ဖြစ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ လယ်ဧက ငါးသောင်းလေးထောင်ကျော် နဲ့  ဧရာဝတီတိုင်းထဲမှာ ဧက တစ်သောင်းကျော်နစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။ 

အခုအချက်အလက်တွေဟာ NUG၊ AA ၊PDF နဲ့  ဦးမင်းအောင်လှိုင်အစိုးရရဲ့ ထုတ်ပြန်မှုတွေအပြင် ISP Myanmar ရဲ့မှတ်တမ်းထားမှုတွေကို စာရင်းပြုစုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဒေသ(၅)ခုအပြင် ကချင်ပြည်နယ်မှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားနေတာဟာ သုံးကြိမ်

ထက်မနည်းရှိနေပြီဖြစ်ပြီး  အဆောက်အဦးပျက်စီးမှုတွေလည်းများပြားနေသလို အလားတူ ရှမ်းပြည်နယ်မှာလည်း  ရေဘေးကြုံနေရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက  ဒေသခံတွေကို ကူညီဖို့အတွက် NUG  ကဦးဆောင်ပြီး အရေးပါ်တုံ့ပြန်ဆောင်ရွက်ရေးပူးပေါင်းကော်မတီ(JERC)ကို ဒီလ(၈)ရက်နေ့က  ဖွဲ့စည်းထားပြီလို့  NUG ကပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *