
ဇွန်၁၊နမ့်ခမ်း
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ မနေ့က မေ ၃၁ ရက်၊နေ့လည် ၁၂ ဝန်းကျင်မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး ဒေသခံ (၅၅) ဦးသေဆုံးခဲ့ပြီး (၇၀) ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
နမ့်ခမ်းမြို့နယ် ကောင်းတပ်အပေါ်ရွာ ဘောလုံးကွင်းအနီးရှိ ယမ်းချက်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်က ဘုန်းကြီးကျောင်း၊ လူနေအိမ်အဆောက်အအုံတွေ အများအပြားထိခိုက်ပျက်စီးခဲ့ တာဖြစ်ပါတယ်။
လက်ရှိစာရင်းတွေအရ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား (၃၀) ဦး အထိရှိပြီး ဒဏ်ရာရသူတွေ ဆယ်နဲ့ချီရှိကာ ပိတ်မိနေသူတွေကိုလည်း ဆက်လက်ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။
ပေါက်ကွဲမှုပြင်းထန်တာကြောင့် ဒဏ်ရာရသူတွေများသလို ပျောက်ဆုံးသူ တစ်ချို့လည်းရှိနေပြီး ရှာဖွေနေဆဲဖြစ်ကာ ကူညီကယ်ဆယ်ရေးတွေလည်းမပြီးသေးတာကြောင့် သေဆုံးသူ ထပ်ထိုးလာနိုင်ချေရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် စက်ရုံတွင်းရှိ ယမ်းပျော့များဖြစ်တဲ့ ခဲမဖြူနဲ့ တောင်ဖြိုယမ်းတွေ သိုလှောင်ထားပြီး အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတချို့ လည်း သေဆုံးမှုထဲပါဝင်နေတာဖြစ်ပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ စီးပွားရေးအဖြစ် အဆိုပါ ယမ်းပျော့များကို မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှာသုံးဖို့ လှောင်ထားရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ PSLF/ TNLA ခေါင်းဆောင်များကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရန်၊ ပါဝင်ပတ်သတ်သူများကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားရန်နဲ့ ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးရန် တို့ကို တအောင်းပြည်ကောင်စီ (TLC) က ဒီကနေ့ ဇွန် ၁ ရက်နေ့မှာ စာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
