စက်တင်ဘာလ ၉ ၊ ဆိပ်မူ
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်းမှာ ပြည်သူ့စစ်+စစ်ကောင်စီတပ် နဲ့ KIA+PDFတပ်ဖွဲ့တို့ရဲ့တိုက်ပွဲဟာ စက်တင်ဘာ(၆)ရက်နေ့မှစကာ ယနေ့ထိ (၄)ရက်ကြာရှိလာပြီး ကျေးရွာဒေသခံသေဆုံးသူ (၂၀)ကျော်ရှိလာတယ်လို့ ကျေးရွာသားများထံကနေသိရပါတယ်။
“ ခုလည်းပစ်နေကြတာပဲ ရှောင်တာကအနီးကပ်တွေပဲရှောင်ကြတာ အခြေအနေကတော့တော်တော်ဆိုးတယ် အရပ်သားတွေလည်းအသေများတယ် စျေးသည်တွေလည်းပါတယ်” လို့ ဆိပ်မူကျေးရွာအနီးနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များက စက်တင်ဘာလ ၆ ရက်နေ့မှာ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)ရှိ Lucky Men Hotel အတွင်းပိုင်းရှိ PDF နှင့် KIA တပ်ဖွဲ့ဝင်များကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လက်ရှိမှာ ဟော်တည်အတွင်း နေရာယူထားတာလည်းဖြစ်ပါတယ်။
ဆိပ်မူ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို KIA+PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကျေးရွာအပြင်ကနေ လှမ်း၍ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များကလည်း ဟိုတယ်ရှေ့ ဖြတ်သန်းသွားလာသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးမှုများ ၊ ပစ်ခတ်မှုများ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အဝေးကနေမြင်လို့ပြန်လှည့်ရင်လည်း တိုက်အပေါ်ထပ်ကနေပစ်သတ်လိုက်တာ အရပ်သားတွေကို ” လို့ သူက ပြောပါတယ်။
သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုလည်း ဟိုတယ်ရှေ့မှာ စုပုံထားရှိထားပြီး သယ်ယူခွင့်လည်းမပြုသေးဘူးလို့ ပရိဟိတလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကပြောပါတယ်။
တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပြားနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေကာ စာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။