ဧပြီ ၂၄ ၊ ဖားကန့်
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ရွှေမြန်မာဆီဆိုင်ရှေ့ Happy KTV မှာ ဧပြီလ ၂၃ ရက်နေ့ မနက် ၄ နာရီ ၁၁မိနစ်အချိန်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဝန်ထမ်း (၅) ဦးသေဆုံးသွားကြောင်း ရပ်ကွက်တွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အရာရှိများက အဆိုပါKTV သို့ လာရောက်အပန်းဖြေနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ အရာရှိတစ်ဦးနှင့် အရာရှိကတော်တို့ကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုပါတယ်
“ ဆိုလိုတာက PDF က ခေါ်သွားသလား ကေအိုင်အေကခေါ်သွားသလားတော့မသိဘူး အရာရှိကတော်ရော အရာရှိရော ပါသွားတယ်လို့ပြောတယ် သူတို့ကလည်းမကျေနပ်လို့သူတို့အဖွဲ့ကိုခေါ်လိုက်တာပေါ့ဗျာ အဖွဲ့တွေကိုခေါ်လိုက်ပြီးတော့ အုံနဲ့လာပြီးဝန်းထမ်းတွေကို တွယ်သွား ဝန်ထမ်းတွေကိုပစ်သတ်သွားတာ ငါးလောင်း သေတယ်လို့သတင်းထွက်တယ် ဝင်ဝင်ချင်းကင်းသမားကို အရင်ပစ်သတ်တာ ပြီးမှအထဲကိုဝင်သွားတာအကုန်လုံး” လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဆိုပါလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် နောက်ထပ်စစ်ကောင်စီအဖွဲ့ဝင်များ ပြန်လည်ရောက်ရှိလားပြီး KTVအတွင်းကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာဟု ဒေသခံကဆိုပါတယ် ။
အလောင်း၅လောင်းကို ပရဟိတအဖွဲ့အစည်းတစ်ခုမှလာရောက်သယ်ဆောင်သွားပြီး အဆိုပါ KTV ကိုလည်း စစ်ကောင်စီအဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။