အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီကို မြန်မာအသိုင်းအဝိုင်းက တရားစွဲမည်

ဒီဇင်ဘာ ၅ ၊ ဝါရှင်တန် 

အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီဟာ  အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူများအား တရားမျှတမှုနှင့် လုံခြုံမှုကို ပြင်းထန်စွာထိပါးစေတာကြောင့် တရားစွဲဆိုသွားမယ့်အကြောင်း အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအတွက် လဝကဆိုင်ရာလိုက်ပါကူညီပေးတဲ့အဖွဲ့ဖြစ်တဲ့  USIRDက ကြေညာပါတယ်။ 

တရားစွဲဆိုမှုအဓိကအကြောင်းအရင်းက သမ္မတထရမ့်ရဲ့ လဝက ပေါ်လစီတွေဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းအပေါ် တရားမျှတမှု နဲ့ လုံခြုံရေးကို ထိပါးနေတာကြောင့်လို့ဆိုပါတယ်။

တရားစွဲဆိုမှုကို ဦးဆောင်သူဟာ  Myanmar Center ဥက္ကဌ ဦးရဲရင့်မြင့်မိုရ် ဖြစ်ပြီး အမေရိကန်က ဥပဒေပညာရှင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ 

အမေရိကန်နိုင်ငံရောက် မြန်မာ့ရပ်ဝန်းအတွက် ယခုလို နိုင်ငံရေး နိုင့်ထက်စီးနင်းပြုခံရမှု၊ ဖိနှိပ်ခွဲခြားဆက်ဆံခံရမှု၊ ဖယ်ကျဉ်ကန့်သတ်ခံရမှုများမှ အကာအကွယ်ရနိုင်အောင်လုပ်ဆောင်တာလို့ဆိုပါတယ်။ 

ယခုလို တန်ပြန်ခုခံခြင်းများဟာ အမေရိကန် အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ရင်ဆိုင်ရခြင်းဖြစ််တဲ့အတွက် လုပ်ငန်းလမ်းစဉ်အနေနဲ့ လွယ်လင့်တကူ ဖြစ်နေမှာ မဟုတ်ကြောင်းလည်း ကြိုတင်သတိထားစေချင်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမှု အမေရိကန်မြန်မာ့ရပ်ဝန်းအတွက် ကာကွယ်ဦးဆောင်ရန် တဆင့်ပြီး တဆင့် Supreme Court အထိ တက်ရောက် ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားလိုပါတယ်”  လို့ USIRD က ဆိုထားပါတယ်။ 

ဥပဒေနဲ့ မကိုက်ညီတဲ့ Policy တွေကို  အခြားနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းတွေက  အမေရိကန်အစိုးရကို တရားစွဲမှုတွေမှာ အောင်မြင်မှုရှိခဲ့တယ်လို့ USIRD ကဆိုပေမယ့် မြန်မာအသိုင်းအဝိုင်းကတော့ ဒီတရားစွဲဆိုမှုအပေါ် ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။ 

အမေရိကန်ဟာ မြန်မာနိုင်ငံအတွက် TPS တွေကို ရုပ်သိမ်းကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကြေညာခဲ့ပြီး လူပေါင်း ၄၀၀၀ အပေါ်သက်ရောက်မှုတွေရှိလာတာလည်းဖြစ်သလို နောက်ထပ်   နိုင်ငံရေးခိုလှုံခွင့် (Asylum) ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်းထားပါတယ်။ 

ဒါ့အပြင် မနေ့ကလည်း အမေရိကန်ရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံသူတွေ တရားဝင်အလုပ်လုပ်ကိုင် ခွင့်ရဖို့အတွက်ကိုင်ဆောင်တဲ့ EAD ကဒ်သက်တမ်းကို ၅ နှစ်မှ  ၁၈ လ အထိ လျှော့ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *