မြစ်ကြီးနား-မိုးညှင်း  မီးရထားကို လာမယ့်ဇူလိုင်(၂၁)ရက်နေ့မှာ စတင်ပြေးဆွဲမယ်

မိုးညှင်းဘူတာကို ၂၀၂၆ ခုနှစ် နှစ်စတွင်တွေ့ရစဉ် /SNV

 ဇူလိုင်(၁၆)၊ မိုးညှင်း

ကချင်ပြည်နယ်က မြစ်ကြီးနား-မိုးညှင်း ၊မိုးညှင်း-မြစ်ကြီးနား မီးရထားကို လာမယ့် ဇူလိုင်(၂၁)ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ပြေးဆွဲသွားမှာဖြစ်ကြောင်း  ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။

“မီးရထားက ဒီနေ့တောင် စမ်းသပ်ပြေးဆွဲတာတွေလုပ်နေတယ် မီးရထားသံလမ်းပြင်တာတွေ ၊ တံတားကတိုင်အသစ်တွေအကုန်လုံးပြီးသွားပါပြီ (၂၁)ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီးပြေးဆွဲမယ်ပြောတယ်” လို့ ဒီနေ့ဇူလိုင်(၁၆)ရက်နေ့မှာ မိုးညှင်းမြို့ပေါ်နေထိုင်သူတစ်ဦးက အခုလိုပြောပြပါတယ်။

မိုးညှင်းမြို့ကနေ မြစ်ကြီးနားကို နေ့စဉ်မနက်(၆)နာရီ(၁၅)မိနစ်မှာ ပုံမှန်အဆန်ရထားထွက်ရှိမှာဖြစ်သလို မြစ်ကြီးနားကနေ မနက်(၆)နာရီစကာ မိုးညှင်းမြို့ကို အစုန်ရထားပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။

မြစ်ကြီးနား- မိုးကောင်း -မိုးညှင်း မီးရထားသံလမ်းတစ်လျှောက်မှာရှိတဲ့  နန်းကွေ့၊ပြည်တောင်၊မလိခ၊နန်းခမ်း၊မရမ်း၊နမ္မတီး၊မိုးကောင်း၊ထိုပူး၊ဆားမှော်၊တောင်နီ၊မင်းကုန်း၊ပင်းဘော၊နန်းခွင်၊ဟိုပင်၊မြို့သစ်ကလေး၊နမ္မား၊ညောင်ကုန်း၊မိုးညှင်းစတဲ့ ဘူတာ(၁၈)ခုမှာ ရပ်နားပေးမှာဖြစ်ပြီး (၆)နာရီကြာမြင့်မယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား-မိုးကောင်း လမ်းပိုင်း (၃၆)မိုင်ကျော်ကိုတော့ (၂၀၂၃)ခုနှစ်ကနေ စပြီးပြန်လည်ပြေးဆွဲခဲ့ကာ အခု မိုးညှင်းမြို့အထိ စုစုပေါင်းမိုင်ပေါင်း (၉၀)ကျော်ကို ပြန်လည်ပြေးဆွဲသွားမှာလည်း ဖြစ်ပါတယ်။

ဒီရထားက ရိုးရိုးတန်း(၄)တွဲ၊ အထက်တန်း(၁)တွဲ ၊ကုန်တင်တွဲနဲ့ ဘရိတ်တွဲများ ပါရှိတဲ့ခေါက်တိုရထားဖြစ်ပါတယ်။

မိုးညှင်းမီးရထားပြေးဆွဲမှုကို  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး  မီးရထားပြေးဆွဲမှုတွေရပ်နားခဲ့ကာ  မကြာသေးမှီ  ဧပြီလကနေစပြီး လမ်းပိုင်းပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *